ရခိုင်ပြည်နယ် မောင်တော-အငူမော်လမ်းရှိ ဗောဓိကုန်းကင်းစခန်းကို ရက္ခိုင်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်မှာ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ ဝင်တိုက်တာ။ အပြန်အလှန်ပစ်တဲ့ အသံ တွေ ဆူညံနေတာဘဲ့။ နခခ(၅)က လက်နက်အတွဲလိုက် ပစ်ကူပေးနေတယ်။ ရွာသူရွာသားတွေက နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
ဗောဓိကုန်းစခန်းဟာ ကင်းချောင်း၊ ရွှေရင်အေး၊ ခရမြိုင်စတဲ့ အင်အားနည်းစခန်းငယ်တွေ ပေါင်းစု ထားတဲ့ စခန်းတခုလည်းဖြစ်ပါတယ်။
မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးနယ်ခြားစောင့်စခန်းကိုလည်း ဒီမနက် ၈ နာရီ လောက်က အေအေတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
စစ်ဘေးရှောင်တဦးက “ကင်းချောင်းစာသင်ကျောင်းမှာ စစ်ဘေးရှောင် ၂၀၀ ကျော်လောက် ရောက်နေတယ်။ ၃ မိုင်ပရဟိတ္တဘုန်းကြီးကျောင်းမှာလည်း စစ်ဘေးရှောင် ၂၀၀ ကျော်ရှိနေတယ်။ ကျန်လူတွေကတော နောက်နီးစပ်ရာရွာတွေနဲ့ မောင်တောမြို့ပေါ်တွေကို ထွက်ပြေးနေကြရ တယ်” လို့ ပြောပါတယ်။
မောင်တော-အငူမော် လမ်းရှိ သရိကုန်ဘောင်၊ ကိုင်းကြီး၊ ရွှေရင်အေး၊ ခရေမြိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း စတဲ့ကျေးရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။