ထားဝယ်-ရန်ကုန်ကားလမ်းမပေါ်မှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာတဝိုက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်လောက်ဟာ ကား ၄ စီးနဲ့မောင်မယ်ရှောင်ရွာအနီးက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီနေ့မနက်မှာတော့ အဲဒီထဲက စစ်ကောင်စီတပ်သားတဝက်ကျော်လောက်ဟာ မောင်မယ်ရှောင်ရွာအနောက်ဘက်က ကျောက်ဆိပ်ကုန်းရွာဘက်ကိုခြေလျင် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“နယ်မြေရှင်းလင်းတဲ့ပုံစံပါပဲ။ တခြားတော့ဘာမှမလုပ်ဘူး။ အဲရွာကို အရင်ကလည် ဝင်ဖူးတယ်” လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အခုလ ၈ ရက်နေ့ကတည်းက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကတော့ မနေ့ကတည်းက စစ်ဆေးရေးဂိတ်ရဲ့ အရှေ့ဘက်ကို ဝင်သွားပြီး တောထဲမှာပျောက်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေပျောက်နေတဲ့ ရဲအိုင်ရွာတဝိုက်မှာတော့ ဒီနေ့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီစစ်ကြောင်းတွေဟာပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေမရှိတာကြောင့် ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်တာမျိုးတော့ မရှိသေးဘူးလို့သိရပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာလည်း စစ်ကြောင်းနှစ်ကြောင်း အင်အား ၁၂၀ ကျော်လောက်က စစ်ကြောင်းထိုးနေပါတယ်။ လောင်းလုံးမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကတော့ ရွာသားတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာနဲ့ နေအိမ်မီးရှိူ့တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းမထိုးခင် ပြီးခဲ့တဲ့လက ရေဖြူနဲ့သရက်ချောင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပြီးနေအိမ်မီးရှို့တာနဲ့ ဒေသခံတွေကိုပစ်သတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။