လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းက ရဲကားကြားဖြတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီခွဲပြီးအချိန်လောက်မှာ မောင်မကန်ရွာထဲက ကားနဲ့လာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီပစ်ခတ်၊ တိုက်ခိုက်မှုအတွင်း ရဲစခန်းက ဂတ်စာရေး တပ်ကြပ်ကြီး ရဲညွှန့်ဆိုသူသေဆုံးပြီး နောက်ထပ်နှစ်ဥဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“ပစ်သံတွေ ဆက်တိုက်ကြားတယ်။ အချက်ရေတော်တော်များတယ်။ ပြီးတော့ ခဏငြိမ်သွားပြီး ထပ်ပစ်ကြသေးတယ်။ ဘယ်နေရာမှာဖြစ်သွားလဲ အတိအကျမသိပေမဲ့ ရဲစခန်းနားမှာလို့ကြားတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကတော့ တပ်ကြပ်ကြီးရဲညွှန့်အပြင် နောက်ထပ်တစ်ဦးလည်းသေဆုံးခဲ့တယ်လို့ ကြားငိရကြောင်းပြောပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
သေဆုံးသူနဲ့ဒဏ်ရာရသူ အရေအတွက်အသေးစိတ်ကိုမသိရသေးသလို အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုလည်း ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ပစ်ခတ်ခံရပြီးနောက် ဒီကနေ့မွန်းလွဲ ၁ နာရီလောက်မှာတော့ ထားဝယ်ဘက်ကနေ မြေတင်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေ မောင်းမကန်ရွာကိုဦးတည်ပြီး ထွက်သွားတယ်လို့သိရပါတယ်။
အဲဒီနောက် ညနေ ၃နာရီလောက်မှာတော့ မောင်းမကန်လမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ပိတ်ဆို့လိုက်ပြိး လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာနဲ့ သွားလာခွင့်ပိတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
အခုညပိုင်းမှာလည်း မောင်းမကန်ရွာကအမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ သီးခြားအတည်ပြုချက် မရသေးပါဘူး။
မောင်မကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြီးခဲ့တဲ့နစ် ဒီဇင်ဘာလနဲ့ အခုနှစ်မတ်လတွေမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။