ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်ထဲမှာ ပေါက်ကွဲသံတွေထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က အနီးအနားကရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်မှာ မောရဝတီရေတပ်စခန်းဌာနချုပ်ဝင်းထဲမှာ ပေါက်ကွဲသံ ၄ ချက်ခန့်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အနားကလူတွေလည်း ပေါက်ကွဲသံတွေကြားတာလောက်ပဲ။ ဝင်းထဲမှာဆိုတော့ ဘာဖြစ်မှန်းမသိဘူးပေါ့” ကံပေါက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ဒေသခံကတော့ ရေတပ်စခန်းကို ဒရုန်းနဲ့လာရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သိပ်မကြာခင် ရေတပ်စခန်းထဲကနေ ဌာနချုပ်အရှေ့ဘက်က ရွာတွေကို လက်နက်ကြီး အချက် ၂၀ လောက် အထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည်တွေဟာ ဆင်ကူးရွာ၊ အိန္ဒရာဇာရွာနဲ့ မင်းသားရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားနဲ့ နေအိမ်တွေ ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ဒီနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က အုန်းပင်ကွင်းလမ်း၊ ပြင်ကြီးရွာလမ်းနဲ့ ကလိန်အောင်ဘက်ကနေ ကံပေါက်ကိုဝင်တဲ့လမ်းတို့ကို ပိတ်ထားခဲ့တယ်လို့ လမ်းသွားလမ်းတွေကဆိုပါတယ်။
အခုညနေပိုင်းမှာတော့ လမ်းတွေပြန်ဖွင့်ပေးခဲ့ပြီး ကံပေါက်ဝင်တဲ့လမ်းကိုတော့ တစီးချင်းသွားလာခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ခဲ့ ဖူးပါတယ်။ လက်ရှိမှာလည်း မောရဝတီဌာနချုပ်မှာ စစ်သင်္ဘောတွေနဲ့ တပ်သားအင်အားတွေထပ်ဖြည့်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။