စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကံပေါက်ဒေသခံခြောက်ဦး ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မိကျောင်းရပ်ကွက်နေ ကိုဝင်းကိုကိုဦးနဲ့ ဇနီးဖြစ်သူ မနွယ်နွယ်သက်တို့ကို မနေ့က ည ၁၀ နာရီဝန်းကျင်မှ ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ လှည်းကုန်းရပ်ကွက်နေ မနီနီရှိန်နဲ့ ညီမဖြစ်သူ မမော်မော်ရှိန်၊ မသန်းသန်းစိုးနဲ့ မဂ္ဂင်ရပ်ကွက်နေ မသဲစုမိုးတို့လည်း ပြန်လွတ်လာခဲ့ပြီလို့လည်း သိရပါတယ်။ မသဲစုမိုးနဲ့ မမော်မော်ရှိန် ကတော့ အခုလ ၂၅ ရက်နေ့ကတည်းက လွတ်လာတာဖြစ်ပြီ မသန်းသန်းစိုးနဲ့ မနီနီရှိန်ကတော့ မနေ့ညကမှာ ပြန်လွတ်လာတာလို့ ဒေသခံတွေက ပြောပြပါတယ်။
“ရိုက်နှက်တာတော့ မရှိဘူး။ ကားနဲ့လာပို့ပေးခဲ့တယ်။” လို့ ကံပေါက်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ ပြန်လွတ်လာတဲ့ ကံပေါက်ဒေသခံ ခြောက်ဦးစလုံးကို မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်းဆီးထားတာလို့ သိရပါတယ်။ ကံပေါက်ဒေသဟာ မောရဝတီရေတပ်စခန်းဌာနချုပ်အခြေစိုက်တဲ့ဒေသဖြစ်ပြီး ဒေသတွင်းကအရပ်သားတွေကို ဖမ်းဆီး၊ စစ်ဆေးတာတွေကို အဲဒီဌာနချုပ်မှာ အဓိကလုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့လေးရက်ခန့်က ဖမ်းဆီးခံခဲ့ရတဲ့ မိကျောင်းအိုင်ရပ်ကွက်မှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုတိုးနဲ့ ဇနီးဖြစ်သူ မထိုက်ထိုက်လှိုင်တို့ကတော့ ဒီကနေ့ အထိ ပြန်မလွတ်လာသေးပါဘူး။
တနင်္သာရီတိုင်းမ်က စုစည်းရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရေဖြူမြို့နယ်အပါအဝင် တိုင်းအတွင်းမြို့နယ်ဆယ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား အမျိုးသားအမျိုးသမီးစုစုပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး ပြန်လွတ်လာသူက ၁၀၀၀ နီးပါးရှိခဲ့ပါတယ်။