အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဆန့်ကျင်ခဲ့ကြသူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီက မွန်ပြည်နယ် မော်လမြိုင်မှာ အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီအချုပ်ထောင်သစ်ကိုတော့ မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာမှာ တည်ဆောက်နေတာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီးလို့ သိရပါတယ်။
လက်ရှိဆောက်လုပ်နေတဲ့ အချုပ်ထောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်လုပ်နေခဲ့တာဖြစ်ပြီး အဲဒီအနီးအနားတဝိုက် ကား၊ ဆိုင်ကယ် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတာလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
တည်ဆောက်နေတဲ့ အချုပ်ထောင်သစ်ကို စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့တာပါ။
မော်လမြိုင်အချုပ်ထောင်သစ်မှာ ဗဟိုကင်း (၃) ထပ် အဆောက်အအုံ၊ အကျဉ်းသား (၂) ထပ်အိပ် ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်း၊ ဝန်ထမ်းအိမ်ယာတွေ ဆောက်လုပ်ပြီးစီးနေပြီလို့ ဦးအောင်ကြည်သိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြပါတယ်။
ဒါ့အပြင် သတ်မှတ်စံညွှန်းတွေနဲ့အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင် ရွက်ဖို့နဲ့ တည်ဆောက်ရေးကုမ္ပဏီအဖွဲ့တွေကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်ဖို့ သူကတိုက်တွန်းခဲ့တယ်လို့ ရေးသားထားပါတယ်။
မွန်ပြည်နယ်မှာ ဗဟိုအကျဉ်းထောင်၊အချုပ်ထောင်အပါအဝင် အကျဉ်းစခန်း ၁၁ ခုရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကိုတော့ သထုံအကျဉ်းထောင်နဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထားရှိတာဖြစ်ပါတယ်။