စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါ အဝင် တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီအချိန် အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ မော်လူးမြို့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်များကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် မော်လူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“နံနက် ၂ နာရီကနေ စတိုက်တာ နံနက် ၆ နာရီမှာ မော်လူးမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ပါတယ်။ နံနက် ၇ နာရီမှာ ဂျက်လေယာဉ် တစ်စင်းနဲ့လာပစ်တယ်။ ဗုံး ၂ လုံးကျဲချသွားတယ်။ ၁ လုံးက မပေါက်ကွဲဘူး။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ ” ဟု ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မော်လူးမြို့ကို စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသွားသည့်အပြင် စက်သေနတ်ဖြင့်လည်းလှည့်ပတ် ပစ်ခတ်သွား ကြောင်း၊ မော်လူမြို့တွင် နေရာများအားလုံးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး စစ်ကောင်စီ ၏ စခန်းဟူ၍ ရဲစခန်းသာကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ မော်လူးမြို့နယ်ရဲစခန်း ကို သိမ်းပိုက်နိုင်လိုက်သည့် အတွက် မော်လူးမြို့ကို သိမ်းပိုက်နိုင်သွားခြင်း ဖြစ်ကြောင်း ABSDF မြောက်ပိုင်း တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် ရဲစခန်းအတွင်း စစ်ကောင်စီတပ်သားနှင့်ရဲအလောင်းအများအပြားကိုတွေ့နေပြီး လက်နက် အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း၊ရှင်းလင်းရေးလုပ်ဆောင်ပြီးပါက ဓာတ်ပုံနှင့် တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မြို့မှ ပြည်သူတစ်သောင်းကျော် စစ်ရှောင်နေရကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး မြို့များကို တော်လှန်ရေး တပ်များက သိမ်းပိုက်ထားပြီး ယခုနောက်ဆုံး မော်လူးမြို့ကိုပါ သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။