ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့၌ မြန်မာနိုင်ငံမှစစ်ရှောင် နှစ်သန်းကျော်အတွက် ရည်ရွယ်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ သားဖြစ်သူကင်(မ်)၏ “Freedom Tattoo Burma ကမ်ပိန်း” နှင့် မြန်မာမှုတေးဂီတ ဖျော်ဖြေပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မဲဆောက်မြို့ (ဝပ်ထနာ) ၌ ကျင်းပမည့် “Freedom Tattoo Burma ကမ်ပိန်း”တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များနှင့် မတရားဖမ်းဆီးခံ ထားရသူများအတွက် ကင်(မ်)မှ ဦးဆောင်ပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တက်တူး ထိုးပွဲပြုလုပ်မည်ဖြစ်ပြီး ညနေ ၄ နာရီမှ ည ၈ နာရီအထိ မြန်မာတေးဂီတဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
“အမေစုသား ကင်(မ်)ရဲ့ တက်တူးထိုးပွဲကို ကူညီတာဖြစ်သလို ကိုယ်တွေတတ်နိုင်တဲ့ ဘက်က ကူညီတဲ့အနေနဲ့ မြန်မာသံစဥ်တေးဂီတနဲ့လည်းဖျော်ဖြေပေးတာဖြစ်ပါတယ်။ တော်လှန်ရေးရန်ပုံငွေ များများရရှိဖို့ ပြည်ပရောက်မြန်မာနိုင်ငံသားများလည်း လာရောက် အားပေးပါဦးလို့ ပြောချင်ပါတယ်” ဟု တော်ဝင်ရိုးရာ မြန်မာမှုတေးဂီတ၊ ဂီတမှူးစန္ဒယား မင်းသန့် က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရန်ပုံငွေပွဲ အစီအစဉ်တွင် ဈေးရောင်းပွဲ (မြန်မာ့အစားအစာ ၊ CDM များရောင်းချမည့် ပစ္စည်းများ)၊ ကဗျာရွတ်ဆိုပွဲ၊ တော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတိုနှင့် ဂီတမှူးစန္ဒယား မင်းသန့် ဦးစီးသော “တော်ဝင်ရိုးရာ” မြန်မာမှုတေးဂီတ အက၊ အလှ သံစဉ်များဖြင့် ဖျော်ဖြေခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ပွဲမှရရှိလာသည့် ရန်ပုံငွေများအားလုံးကို မြန်မာနိုင်ငံ အနှံ့အပြားရှိ စစ်ဘေး ရှောင်ပြည်သူများနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ဆိုထားသည်။