ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၃ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ မံစီနဲ့ မိုးမောက်ဘက် တိုက်ပွဲပြင်းထန်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့(မေလ ၁၃ရက်) ကချင်ဒေသ စစ်ရေးအခြေအနေကို ပြောသည်။ထို့အပြင် အသေးစိတ် အခြေအနေကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မေလ ၇ရက်တွင် မံစီရဲစခန်း၊ မိုးမောက်ရဲစခန်းများကို KIAက သိမ်းပိုက်ပြီးနောက် မေလ ၈ရက်တွင် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရှင်းလင်းပြီး မြို့ကို KIAက ထိန်းချုပ်ခဲ့သည်။ ထို့နောက် မေလ ၉ရက်မှစ၍ မြို့၌ ကျန်နေသည့် စစ်ကောင်စီ တပ် ခမရ(၄၃၇)တပ်ရင်းကို ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ မေလ ၁၃ရက်နေ့ထိ ၅ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
“ ခမရ ၄၃၇ တပ်ကို မနက် ၇နာရီမှ ပြင်းပြင်းထန်ထန် တိုက်နေတယ်”ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က မိုးမောက်တိုက်ပွဲအကြောင်းကို ယနေ့နံနက်က လူမှုကွန်ရက်တွင် ကချင်ဘာသာဖြင့် ရေးသားဖော်ပြထားသည်။
မံစီမြို့နယ်တွင်လည်း ရဲစခန်းကို သိမ်းပြီးနောက် မြို့ပေါ်၌ KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ဒေသတွင်း 7Stars News ၏ ယမန်နေ့ သတင်းဖော်ပြချက်တွင် မံစီတိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူလူထု နေအိမ်များ မီးလောင်ပျက်စီးမှုရှိနေဟု အသိပေးသည်။ ရဲစခန်းသိမ်းခံထားရသည့် စစ်ကောင်စီတပ်များက မြို့တွင်းရှိ ပြည်သူလူထု နေအိမ်များ၌ ဝင်ရောက် နေရာယူထားရာ KIA/PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲ ဆက်ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။
KIAသည် တနိုင်းမြို့နယ် နမ်ခမ်းစစ်ကောင်စီတပ်စခန်းကိုလည်း မေလ ၁၁ရက်မှစတင်ထိုးစစ်ဆင်လျက်ရှိသည်။