ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စစ်ကောင်စီဗျူဟာစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ မတ်လ ၁ရက် မနက်တွင် စတင်ထိုးစစ်ဆင်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
“မံစီမြို့နယ် မဂျီဂုန်ဗျူဟာကုန်းကို ဒီမနက် ၆နာရီကနေ တိုက်နေတာ” ဟု ၎င်းက ပြောသည်။
KIA အနေဖြင့် မကြာသေးမီကမံစီမြို့နယ် စီခမ်းကြီး စစ်ကောင်စီဗျူဟာစခန်းကို သိမ်းပိုက်ပြီးနောက် နောက်ထပ် ဗျူဟာ စခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။
KIAနှင့် ပူးပေါင်းတပ်များသည် ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ရာ တပ်စခန်းအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
မံဝိန်းကြီး၊ ကိုက်ထိပ်၊ ဂျယ်ခမ်း(စီခမ်းကြီး)၊ ပလောင်ဒိန်ဆာစခန်းကုန်း အပါအဝင် မံစီမြို့နယ်ရှိ စစ်စခန်း များကို KIAက သိမ်းပိုက်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းများကလည်း ဖားကန့်မြို့နယ် တာမခန် စစ်ကောင်စီစခန်း၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီး ခလရ(၁၄၁) တပ်ရင်း တို့ကို သိမ်းပိုက်နိုင်ရေး KIAက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲများ အပါအဝင် ကချင်ဒေသ စစ်ရေးသတင်းများကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။