ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းက တံတားတစ်စင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒီနေ့မနက်မှာ ဗုံးကြဲဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒေသအခေါ် ခယာခတံတားကို စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးလိုက်ရာမှာ ကျေးရွာဆေးပေးခန်းနဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
“အရင်တုန်းကတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ရှိရာ ဒေသသို့ စစ်ကြောင်းထိုးလာရင် လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ ပေါ့။ စစ်ကြောင်းလာရာလမ်းတလျှောက် တံတား အကုန်ဖေါက်ခွဲပစ်တာမျိုး။ မြန်မာ့အလင်းမှာတော့ သောင်းကျန်းသူများ ပြည်သူသွားရာလမ်းတံတား ဖေါက်ခွဲဖျက်စီး ဆိုတဲ့ ခေါင်းစီးမျိုး ပလူပျံ ပေါ့။ အခုတော့ ပြောင်းပြန်ဖြစ်နေပြီ။ ဒီမနက်အစောကြီး လေယဉ်နဲ့ ရွှေကူတံတား ဖေါက်ခွဲပစ်၊ တဲ့” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတရေးရာဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သူရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
စစ်ကောင်စီဖျက်ဆီးလိုက်တဲ့ အဲ့ဒီတံတားဟာ ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်အလွန်မှာ ရှိပြီး ဒေသခံလူထုအတွက် အထောက်အကူပြုတဲ့ တံတားပါ။ တော်လှန်ရေးအဖွဲ့တွေ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်တာလို့ သုံးသပ်နေကြပါတယ်။
KIA၊ PDF ၊ AA နဲ့ ABSDF ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတွေမှာ မံစီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပလောင်ဒိန်ဆာ၊ ကိုက်ထိပ်၊ ကောင်းခံ၊ ဂေါင်ငူယန်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားရရှိခဲ့ပါတယ်။