ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကိုက်ထိပ်ရှိ စစ်တပ်စခန်းကုန်းအားလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီ မြို့နယ် ကိုက်ထိပ် ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းများကို KIA ၊ KPDF ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်နေ့လုံးနှင့် တစ်ညလုံး တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ကိုက်ထိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
“မနေ့မနက်ကနေ တစ်နေ့လုံး တစ်ညလုံး ပိတ်ဆို့တိုက်ခိုက်ပြီးတဲ့နောက်မှာ ကိုက်ထိပ်တပ်စခန်းကို ရရှိပြီ။ ဒီမနက် ၈ နာရီခွဲမှာ ကိုက်ထိပ် စစ်တပ် တပ်စခန်းကုန်းအားလုံးကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ စစ်တပ်ရဲ့ ကိုက်ထိပ်စခန်းတွေအားလုံး Sold Out ဖြစ်သွားပါပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။