မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဧပြီအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျေးရွာ ၉ရွာမှ နေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးပြီး သံဃာတော်တစ်ပါးနှင့် ပြည်သူ ၈ဦးအား သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ယမန်နေ့ (မေလ ၇ ရက်)တွင် သတင်းထုတ်ပြန်သည်။
မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျုစောထီးများသည် ဧပြီအတွင်းက သံဃာတော်တစ်ပါး၊ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူ အမျိုးသမီးမှာ ကိုင်းကျေးရွာနေ (၇၀)အရွယ် ဒေါ်ညွှန့်ဆွေဆိုသူဖြစ်ပြီး စစ်ကောင်စီက ၎င်းထံမှ ကျပ်သိန်း ၄၀ ပါ ယူဆောင်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ထို့အပြင် သံဃာတော်နှစ်ပါး၊ အမျိုးသား ခြောက်ဦးနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦးတို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထပ်မံအသိပေးသည်။
ထို့အပြင် ဧပြီအတွင်းလက်နက်ကြီးပစ်ခတ်မှု ပိုမိုပြုလုပ်လာပြီး မြင်းခြံမြို့နယ် ကျောက်ကန်ရွာမှ ပျူစောထီးက အများဆုံးပါဝင်ကျူးလွန်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။
စစ်ကောင်စီတပ်သည် မတ်လအတွင်းကလည်း မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှနေအိမ် ၅၄၈လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၉ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။