မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် တိုက်ပွဲ၌ဒဏ်ရာရ၍ ဆေးခွင့်ဖြင့်ပြန်ရောက်လာသည့် စစ်ကောင်စီ တပ်သားတစ်ဦးအား ပစ်ခတ်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း တပ်ခွဲ(၂)၏ တပ်ခွဲမှူးကိုနွေမိုက် ပြောသည်။
ယနေ့(သြဂုတ် ၃၀ရက်)နံနက် ၁၀နာရီခွဲဝန်းကျင်က မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာရှိ စစ်ကောင်စီတပ်သား အသက်(၄၂)နှစ်ခန့် ထွန်းထွန်းဆိုသူအား ၎င်း၏နေအိမ်သို့သွားရောက်ကာ သေနတ်ဖြင့် ၆ချက် ပစ်ခတ်ခဲ့ကြောင်း ဒေါင်းမင်းတမာန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောသည်။
၎င်းသည် စစ်ကောင်စီ တပ်ရင်းတစ်ခုတွင် တာဝန်ကျရင်း တိုက်ပွဲတစ်ခု၌ ဘယ်ဘက်ခြေသလုံးကျည်ထိမှန်ဒဏ်ရာရ၍ ရွာသို့ဆေးခွင့်ဖြင့် လာရောက်အနားယူနေခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် ကိုနွေမိုက်က ပြောသည်။
“ထွန်းထွန်းဆိုသူက ခြေထောက်ဒဏ်ရာနဲ့ ဆေးခွင့်နဲ့ အနားလာယူတာဗျ။ သူအဆင့်နဲ့ သူတာဝန်ထန်းဆောင်နေတဲ့ တပ်ကိုတော့ ကျနော်တို့မသိရသေးဘူး။ လာအနားယူတာ နှစ်လလောက်ရှိပြီ။အနားလာယူချိန် ဒဏ်ရာနဲ့ကို ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျနေပြီး ငွေညှစ်တောင်းခံတာတွေလုပ်ဆောင်တယ်။ ဒဏ်ရာပျောက်တော့ လမ်းမပေါ်တက်ပြီး ခရီးသွားပြည်သူများကိုဖမ်းဆီး အနိုင်ကျင့်ငွေတောင်းတာတွေ လုပ်တယ်ဗျ။ နောက်ပြီးသူက ပျူအင်အားကောင်းအောင်စုဆောင်းနေတဲ့ ပျူစုဆောင်းရေးလုပ်နေပါတယ်။”ဟု ကိုနွေမိုက်က ဆိုသည်။
သေဆုံးသူသည် စစ်သားတစ်ဦးနှင့်အတူ ကျေးရွာအတွင်း လောင်းကစားဝိုင်းများနှင့် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသူများ၏ မိသားစုဝင်များအား ငွေကြေးအဓမ္မတောင်းခံနေသူဖြစ်ကြောင်း၊ ထို့အပြင် မြင်းခြံမြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ကျောက်ကန်၊ လယ်သစ်နှင့် လေးရွာစုံကျေးရွာများရှိ ပျူများစုရုံးကာ စစ်တပ်နှင့်ပေါင်းပြီး စစ်ကြောင်းထိုး ပစ္စည်းများအဓမ္မသိမ်းယူမှုများ ပြုလုပ်နေကြောင်း ဒေါင်းမင်းတမာန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောသည်။
“သူ့ကိုစောင့်ကြည့်နေတာ ကြာပြီ။ သူကအရင်က လက်နက်ကိုင်တယ်။ အခုတော့စကစ ကပြန်သိမ်းထားတယ်။ သူကပျူသင်တန်းဆင်းလည်း ဖြစ်တယ်။ ရွာထဲမှာ ဆက်ကြေးကောက်တယ်။ ပျူစစ်သားစုဆောင်းရေးမှာလည်း အဓိကလူတစ်ယောက်ဖြစ်တယ်။”ဟု ဗိုလ်မိုးကြိုးကပြောသည်။
ပစ်ခတ်မှုကို ဒေါင်းမင်းတမာန်တပ်ဖွဲ့နှင့် MGN 35 ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
သြဂုတ်တတိယပတ်အတွင်းက မြင်းခြံမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။