မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် မြင်းခြံမြို့မှ ကုက္ကဲ ရဲစခန်းသို့ တပ်ကူသွားသော စစ်ကား ၅ စီးသည် ကုက္ကဲ ရဲစခန်းမှ အပြန် လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး ပျက်စီးကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်စက္ကခ အဖွဲ့၊ M 35 အဖွဲ့နှင့် မြင်းခြံခရိုင်း တပ်ရင်း ၈ Natogyi Regional Defence Force တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်တွင် ယနေ့ ညနေ ၅ နာရီခန့်၌ ဟင်္သာတမြို့ ဘူတာရုံအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“ဟင်္သာတမြို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန DME အိမ်ရှေ့ ဟင်္သာတမြို့ ဘူတာရုံ အနီးမှာ ပေါက်ကွဲမှုဖြစ်တာ လူ အထိအခိုက်မရှိဘူး။ စစ်ခွေးတွေကတော့ ထုံးစံအတိုင်း လမ်းတွေ ပိတ်ထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။