မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းနေရာများအားဆင်မင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ရာ ၆၀ မမ အပါအဝင် လက်နက်ခဲယမ်းအချို့ရရှိကာ စစ်ကောင်စီတပ်သား ၂၀ခန့် ထိခိုက်သေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း ၂ (MGN Tiger)က ယနေ့ ထုတ်ပြန်သည်။
ဧပြီ ၂၀ ရက်ကစ၍ ဆင်မင်းစစ်ဆင်ရေးအဖြစ် မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာလေးခုကို တစ်ပြိုင်တည်းစစ်ဆင်ရေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီနှင့်ပျူစောထီ ပူးပေါင်းထားသည့် အင်အား ၆၀ ဝန်းကျင်ရှိသော မြင်းခြံမြို့၏ မြောက်ဘက်ဧရာဝတီမြစ်ကမ်း ဘေးတွင်ရှိသော ကြည်ရွာကို MGN Tiger နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က ကနဦး တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲမှာ ၃နာရီ ကြာမြင့်ခဲ့ပြီး စခန်းနေရာကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီနှင့် ပျူစောထီး ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု MGN Tiger က ပြောသည်။
စစ်ကောင်စီဘက်က ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်ကူ များရောက်လာ၍ ဆုတ်ခွာခဲ့ရပြီး မြင်းခြံခရိုင် အမှတ် (၂)မှ ရဲဘော်အာကာမင်းကျဆုံးခဲ့ပြီး လေးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။
ကြည်ရွာစခန်းသိမ်းတိုက်ပွဲမှ ၆၀ မမ တစ်လက် ၊ ၆၀ မမ ဗုံးသီး ၉ လုံး၊MA 3 နှစ်လက်၊၅ ဒသမ ၅၆ ကျည် ၁၂၅ တောင့်ရရှိခဲ့သည်။
ထိုနောက် မြင်းခြံမြို့နယ်အတွင်း အခြေစိုက် တပ်ဖြစ်သည့် ခမရ(၁၅)ကို ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဂိတ်ကင်းတဲထိမှန်ကာ စစ်ကောင်စီတပ်သား လေးဦးထိမှန် သေဆုံးကြောင်း ဖော်ပြထားသည်။
အလားတူ မြင်းခြံမြို့နယ် ဆီမီးခုံရေနက် ဆိပ်ကမ်းရှိ စစ်ကောင်စီ သဘော်နှစ်စီးနှင့် ရုံးအဆောက်အဦးကို ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ပြီး ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီအခြေ ပြုနေရာများကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။