မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ထံမှ သိရသည်။
အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနှင့် သစ်ရုံကျေးရွာ အကြားရှိ လမ်းပိုင်း၌ ကျောက်ကန်ကျေးရွာမှ ပျူစောထီး လှမိုးနှင့်အဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော ကားကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ပျူစောထီးများဘက်မှ တပ်ကူများ ထွက်လာကြောင်း သတင်းရရှိ၍ ပစ်ခတ်မှု ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူစောထီး ၃ ဦး သေဆုံးခဲ့ပါကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF နှင့်အတူ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ ၊ ရွှေခြံပြောက်ကျားတပ်ဖွဲ့ ၊ 35 ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေါင်းမင်းတမန် တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့ပေါ်ရှိ အခွန်ရုံးနှင့် EPC ရုံးတို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ခန့်တွင် ပွင့်ဖြူမြို့ပေါ်ရှိ အခွန်ရုံးနှင့် EPC ရုံးတို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပထမ EPC ရုံးမှာ ပေါက်တဲ့ အသံက သိပ်မကျယ်ဘူး။ ပွင့်ဖြူ အခွန်ရုံးမှာ ပေါက်တာက ကျယ်တယ်။ ၄ ဦး ထိခိုက်တယ်လို့ ကြားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပွင့်ဖြူမြို့ပေါ်၌ ရဲနှင့်စစ်သားများက ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။