မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဖမ်းဆီး သတ် ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာထိပ်တွင် ဂိတ်ဖွင့်ထားသော အကြမ်း ဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက ဒေသအတွင်း လှည့်လည်ဈေးရောင်းချနေသူ အ သက် ၅၀ အရွယ် ဦးဖိုးထူးကို အငြိုးအတေးဖြင့် ဖမ်းဆီးပြီး ရွှေညောင်ပင်ရုံးတွင် ရိုက်နှက်သတ်ဖြတ်ခဲ့ ရာ ဦးဖိုးထူး သေဆုံးသွားကြောင်း၊ ထိုသို့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ရုပ်အလောင်းကို လေးအိမ်တန်းရွာ – ရွှေကျွန်းသာ လမ်းဘေး ချောက်ထဲ၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
“မဖမ်းခင်အရင်ရက်က အဲဒီလေးအိမ်တန်းရွာထိပ်က ပျူတွေက သူဆီမှာပါလာတဲ့ အရက်ဖာထဲ ကနေ အရက်ပုလင်း ၃ လုံးကို နှုတ်ယူလိုက်တယ်၊ အဲဒါကို သူက စကစခန့် အုပ်ကြီး သင်းသင်းဆွေ ဆီသွားတိုင်တာ၊ အုပ်ကြီး က အဲဒီပျူစောထီးတွေကို ဆူလို့ ပျူစောထီးတွေက အငြိုးထားပြီး နောက်ရက်မှာ ဖမ်းပြီး ရိုက်သတ်တာ။ အလောင်းကိုတော့ လေးအိမ်တန်း – ရွှေကျွန်းသာ သွားတဲ့လမ်းဘေးက ချောက် ထဲမှာ ကြိုးတုတ် လျက်နဲ့ထားခဲ့တာ။ ဦးခေါင်းမှာ ဒဏ်ရာတွေ၊ သွေးတွေနဲ့၊ နေ့ခင်း ၂ နာရီ လောက်မှ အလောင်းကို အိမ်ပြန်သယ်ရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။
သေဆုံးသူ ဈေးသည် ဦးဖိုးထူးသည် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်းပင်ရွာ၌ နေထိုင်ပြီး ဒေသအတွင်းရှိ ကျေးရွာများကို လှည့်လည်ကာ ဈေးရောင်းချကာ ရိုးသားစွာဖြင့် မိသား စုကို ရှာဖွေကျွေး မွေးနေသူဖြစ်ကြောင်း သိရသည်။