မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် နယ်ခြားကျေးရွာက စစ်အုပ်စုအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၅) ယောက်သေတယ်လို့ Myingyan Ranger အဖွဲ့ကထုတ်ပြန်ပါတယ်။
မေ (၁၃) ရက်အာရုဏ်တက်ချိန်မှာ မြင်းခြံမြို့နယ် နယ်ခြားကျေးရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကာ စခန်းသိမ်းခါနီးမှာ ရာသီဥတုဆိုးလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်အုပ်စုဘက်က (၅) ယောက်သေတယ်လို့ဆိုပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်က ပစ်မှတ်တွေကို တိုက်ရိုက်ထိခိုက်အောင်ပစ်ခတ်နိုင်ခဲ့ပြီး မိုးကြီးတဲ့အတွက် သေနက်တွေဂျန့်ဖြစ်သွားလို့ စခန်းမသိမ်းနိုင်ခဲ့တာလို့ Myingyan Ranger အဖွဲ့ တာဝန်ရှိသူက MFP ကိုပြောပါတယ်။
ဒါအပြင် အခုတိုက်ပွဲက မိုးထဲရေထဲမှာ တိုက်ခိုက်ခဲ့ရတာဖြစ်လို့ ပင်ပန်းခက်ခဲတဲ့ တိုက်ပွဲဖြစ်ခဲ့ကာ လက်ရှိရဲဘော်တွေဖျားနာတာတွေရှိလို့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုကိုတော့ Myingyan Ranger အဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃) ၊မြင်းခြံခရိုင်တပ်ရင်း (၃) နဲ့ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဖော်ပြပါတယ်။
လက်ရှိမှာ မုန်တိုင်းမိုချာကြောင့် မြန်မာပြည်အထက်ပိုင်းက အညာဒေသတွေမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး PDF စခန်းအချို့ပျက်စီးခဲ့တာတွေရှိသလို စစ်အုပ်စုကလည်းမိုးထဲရေထဲ ရွာစဉ်ပါတ်မွေနေလို့ ဒေသခံအများအပြား မိုးထဲရေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။