စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တားဆီးစစ်ဆေးရာ ရပ်မပေးသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြင်းမူမြို့မှ ခရီးသည်တင်ကား ၂ စီး ဖြင့် မုံရွာမြို့ ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သားများကို မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာ အကြားလမ်းမပေါ် တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးရာ ရပ်မပေးဘဲ မောင်းနှင်သွားသောကြောင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ အကြမ်းဖက် စစ်တပ်မှ အရာရှိ ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိပြီး တပ်သား ၃ မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“မြင်းမူကနေ မုံရွာဘက်ထွက်လာတာ၊ သတင်းရလို့ ကြိုစောင့်ပြီး စစ်ဆေးတာကို မရပ်ပဲ အရှိန် ပြင်း ပြင်းနဲ့မောင်းပြေးသွားတာ၊ အရှိန်ကို မလျှော့တာ။ သူတို့ဘက်ကတော့ ပြန်မပစ်နိုင်ဘူး၊ ကျနော်တို့ ဘက်က တရစပ်ပစ်တာမို့၊ ဒဏ်ရာရတဲ့သူတွေကို မြင်းမူမြို့ပေါ်က ခွေးတွေလာသယ်သွားတယ်လို့ သတင်းရတယ်၊ ကားနှစ်စီးကတော့ မုံရွာဘက်ဆက်ထွက်သွားတယ်” ဟု Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် အခွန်ကောက်အဖွဲ့ ၊ Dog Killers People’s Defence Force Myinmu (DK PDF-MMU) နှင့် D.B.B.F.MMU စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။