စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မေလ ၁ ရက်နေ့ ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မုံရွာဘက်မှ စစ်ကိုင်းဘက်ကို ကြေးနီ သယ်ဆောင်လာသည့် ကား ၁၉ စီးကို လုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၁၇ ဦးပါ သံပြားကာ ကား ၁ စီးကို ရှေ့ထွက်မိုင်း ၅ လုံးဖြင့် အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကား တိမ်းမှောက်သွားပြီး ကားပေါ့် လိုက်ပါလာသည့် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မြင်းမူဆေးရုံ အရောက်တွင် စစ်သား ၁ ဦး ထပ်မံသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးမှ ကင်းယူထားသော စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းမူမြို့မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာ ကားလမ်းမကြီးဘေးတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး လမ်းသွားလမ်းလာ ပြည်သူများထံ ငွေကြေး တောင်းရမ်းနေစဉ် တော်လှန်ရေး ရဲဘော်များက ၈၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အုန်းတော-မြင်းမူ-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေပြီး ခရီးသွား ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် နှင့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့် စည်းကမ်းများ အတိုင်း သွားလာကြရန် People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ ၏ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu (PKDF-MMU) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။