စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းအနီးတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၃ရက် ညနေ ၄ နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်အား ဒရုန်းများ၊ (၄၀) မမနှင့် လက်နက်ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF- South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရံက ပြောသည်။
“အင်အား ၅၀လောက်ရှိတယ်။ မြင်းမူမြို့ထဲကနေ ရောက်နေတာ၂ရက်၃ရက်လောက်ရှိပြီလို့သိရတယ်။”ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ပွဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦး ပွဲချင်းပြီးသေဆုံး၍ ခုနစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း PDF- South Monywa၏ တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်းတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိဟု Dog Killers People’s Defence Force Myinmu၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း People’s Defence Force – South Monywa တပ်ခွဲ(၁)၊ မုံရွာခရိုင် တပ်ရင်း(၁၁) တပ်ခွဲ(၂)Black Hunter People’s Task Force၊Myinmu Fighterပြောက်ကျားတပ်ဖွဲ့၊ဒေါင်းဘုရင်၊ ဇာမဏိပြောက်ကျားတပ်ဖွဲ့၊Myinmu Revolution Force၊DKBAကာကွယ်ရေးတပ်၊
အညာညီနောင်တပ်ပေါင်းစု – ABCF၊
Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ Myinmu Fighters၊MMRS၊MRS စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့ရှိ စစ်ကောင်စီတပ်သည် ကျေးရွာများအား စစ်ကြောင်းထိုးပြီး ပြည်သူများအားဖမ်းဆီးကာ မုံရွာ-မန္တလေးလမ်းပိုင်း၌ မိုင်းရှာခိုင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။