ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာရှိတဲ့ မီးရထားဝန်ထမ်းအိမ်ရာက CDM မှာပါဝင်တဲ့ ဝန်ထမ်းဟောင်းတွေကို ကျူးကျော်ဆိုပြီး စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ စာထုတ်ထားတယ်လို့ မီးရထားဝန်ထမ်းဟောင်းတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှာပေးဖို့ စာထုတ်ထားတာလို့ဆိုပါတယ်။
ဒါကြေင့် CDM ဝန်ထမ်းတချို့ ပြောင်းရွှေ့သွားကြပြီဖြစ်ပေမယ့် ပြောင်းရွှေ့ဖို့ အခက်ခဲဖြစ်နေတဲ့ ဝန်ထမ်းတွေ ကျန်နေသေးတယ်လို့ CDM မီးရထားဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။
“ဖယ်ခိုင်းနေတာ တော်တော်စောစောကတည်းက အခုမှတော့ မဟုတ်ဘူး။ တချို့ကတော့ ဝန်ထမ်းတွေက ပြောင်းသွားပြီ အခုက ၃၀ ကျော်လောက်ကျန်ဦးမယ်။ ဘာကျူးကျော်မှ မဟုတ်ဘူး CDM တွေကို ဖယ်ခိုင်းတဲ့ သဘောပါပဲ”
CDM မှာပါဝင်တဲ့ မီးရထားဝန်းထမ်းတွေကို အိမ်ရာကနေပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီတပ်က အကြိမ်ကြိမ် ဖိအားပေး ပြောင်းရွှေ့ခိုင်းနေတယ်လို့လည်း CDM မီးရထားဝန်းထမ်းတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ်ဖိအားပေးတာကြောင့် မြစ်ကြီးနား မီးရထားဝန်းထမ်းအိမ်ရာကနေ CDM ဝန်ထမ်း ၈၀ ကျော်လောက် ပြောင်းရွှေ့သွားကြပြီလို့ CDM မီးရထားဝန်ထမ်းတွေက ပြောပါတယ်။