ကချင်ပြည်နယ် ၊မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရရာမှာ ဒဏ်ရာရသူတွေထဲက အကျဉ်းသား ၁ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံကသိရပါတယ်။
သေဆုံးသွားသူ အကျဉ်းသားဟာ အသက် ၂၈ နှစ်အရွယ် ကိုယိန်းဘောမ် ဖြစ်ပြီး ဖြိုခွင်းခံရချိန်ရရှိတဲ့ ဒဏ်ရာနဲ့ပဲဆုံးပါးသွားတာပါ။
ဧပြီလ ၁၈ ရက်က ထောင်တွင်းဆန္ဒပြပွဲဖြိုခွင်းခံရပြီး ၃ ရက်အကြာ ဧပြီ ၂၁ ရက်မှာ ဆုံးပါးသွားတာလို့သိရပါတယ်။
” အသက်အန္တရာယ်အင်မတန်စိုးရိမ်ရတဲ့ တစ်ဦးကတော့ ဆုံးသွားတာပေါ့နော်၊အရေးပေါ်ဆေးဝါးကုသဖို့လိုတဲ့ ငါးဦးကျန်ဦးမယ်ဗျ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
သေဆုံးသွားသူ အကျဉ်းသားဟာ နိုင်ငံရေးပုဒ်မနဲ့မဟုတ်ဘဲ အခြားပုဒ်မနဲ့ အကျဉ်းကျနေသူလို့သိရပါတယ်။
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ က အကျဉ်းသား ၃,၀၀၀ ကျော် လွှတ်ပေးတဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းဟာ မျှတမှုမရှိလို့ဆိုပြီး ထောင်တွင်းဆန္ဒပြတာကို ပစ်ခတ်ဖြိုခွင်းမှုနဲ့စစ်ကောင်စီက တုံ့ပြန်ခဲ့တာပါ။
မြစ်ကြီးနားထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ လည်း အကျဉ်းထောင်အာဏာပိုင်တွေကို ရန်ပြုလာလို့ ပစ်ခတ်ရတာလို့အကြောင်းပြထားပါတယ်။
ပစ်ခတ်ဖြိုခွင်းမှုအတွင်း အကျဉ်းသား ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီကဖော်ပြခဲ့ပါတယ်။
သေဆုံးသွားတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးပါဝင်တယ်လို့သိရပါတယ်။