ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ယနေ့ညနေ ၄ နာရီခွဲဝန်းကျင်က အိမ်စီးကားများဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီကားသုံးစီးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)များ လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို အေးစေတီအဝိုင်းပတ်အနီးတွင် ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ (NBPDF)က ဖော်ပြထားသည်။
ပစ်ခတ်ခံရပြီးနောက် အဆိုပါနေရာတွင် ရဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ စစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
“သူတို့ (စစ်ကား)သွားရင်းနဲ့ ပစ်လိုက်တယ်လို့ ကြားတာ။ ကွဲပြီးနောက်ပိုင်း စစ်ဆေးတာတွေလုပ်ပြီး သွားလိုက်ပြီ။ ကြားတာကတော့ တစ်သံတည်း။”
ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးရှိ မြစ်ကြီးနားလေတပ်စခန်းကို အဆိုပါပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။