ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာထိပ် စစ်ကောင်စီတပ်စခန်းအနီးရှိ ဘုန်းကြီးကျောင်း၌ စခန်းချနေသည့် စစ်ကောင်စီတပ်ကို ယနေ့ ဩဂုတ် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် KIA မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ရှောင်စခန်းမှ နေရပ်ပြန် ဒဘတ်ယန်ကျေးရွာ ဒေသခံများက တိုက်ပွဲကြောင့် ပိတ်မိနေမည်ကို စိုးရိမ်နေကြကြောင်း ကျေးရွာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကဇူးကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာသည် ဒဘတ်ချောင်းသာခြားထားသည့် မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်ရှိ ကျေးရွာများဖြစ်ပြီး စစ်ကောင်တပ်များက ချောင်းတံတားထိပ်နှစ်ဖက်စလုံးတွင် စခန်းချနေသည့် နေရာဖြစ်သည်။ ဒဘတ်ယန်စခန်း တိုက်ခိုက်ခံရပြီးနောက် ကဇူးကျေးရွာမှ စစ်ကောင်စီတပ်စခန်းကလည်း လှမ်းပစ်ကူးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒဘတ်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားလာသည့် ကချင်တကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေရပ်ပြန်လာကြသည်မှာ မကြာသေးသော ကျေးရွာတစ်ရွာဖြစ်သည်။
ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ၎င်းတို့သိမ်းပိုက်ခံလိုက်ရသော မလိယန်စခန်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ် ထိုးစစ်ဆင် လှုပ်ရှားလာသောကြောင့် KIA၊ ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်သည် ဇူလိုင် ၃ ရက်နေ့မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယနေ့အထိ တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေသည်။