ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြစ်ကြီးနား – ပူတာအိုလမ်းမကြီး၊ ဒရိုးချောင်းတံတားအနီးရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို စက်တင်ဘာ ၂၀ရက် နံနက် ၇နာရီတွင် KIAတပ်မဟာ(၁) တပ်ရင်း(၁၀)၊ တပ်ရင်း (၂၂)နှင့် ခါကာဘိုရာဇီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တို့ ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ တိုက်ခိုက်ရာ၌ ၅နာရီခွဲခန့် အချိန်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၁လောင်း တွေ့ရှိရပြီး ကျန်စစ်သားများထွက်ပြေးသွားပါတယ်။ စကစတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ခဲယမ်းအမြောက်အများကိုလည်း မိမိတို့ KIA တပ်ဖွဲ့မှ သိမ်းဆည်းရရှိထားပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်ဖမ်းမိထားကြောင်းလည်း ၎င်းက အသိပေးသည်။
KIA သည် စက်တင်ဘာ ၁၆ရက်ကလည်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၅ကြိမ်နီးပါးအထိ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။