စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် ယခုလအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်ရာကျော်အကူအညီလိုအပ်နေကြောင်း သိရသည်။
အစားအသောက်နှင့် ကျန်းမားရေးအကူအညီ အဓိကလိုအပ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
၎င်းစစ်ရှောင်ပြည်သူများသည် မိုးမောက်မြို့နယ် နားလုံ၊ လွယ်မောက်ယန်၊ တုန်ဟုန်းယန်၊ ဒိန်ဂါယန်၊ အူထန်ယန် စသည့်ကျေးရွာ ၅ ရွာမှ လူဦးရေ ၁၂၀ ကျော်သည့် ပြည်သူများဖြစ်ပြီး ဗန်းမော်နှင့် မိုးမောက်မြို့သို့ တိမ်းရှောင်ခိုလှုံနေရသည်ဟု ဒေသသတင်းရင်းမြစ်အရ သိရသည်။
အဆိုပါကျေးရွာ ပြည်သူများသည် ၂၀၁၁ ခုနှစ်တွင် တကျော့ပြန်ဖြစ်ပွားလာသော ကချင်ဒေသ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှ ၂၀၁၉ ခုနှစ်တွင် နေရပ်ပြန်ပြီး စားဝတ်နေရေးအတွက် တောင်ယာ၊ လယ်ယာနှင့် စိုက်ခင်းများ လုပ်ကိုင်လျက် မူလကျေးရွာ၌ ပြန်လည်အခြေချနေထိုင်နိုင်ရန် ကြိုးစားနေသူများဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် နီးစပ်သည့် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် ဇူလိုင်လ ၃ ရက်မှစ၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်း ဖြစ်သည်။