မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကိုဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ည ၇ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“နှစ်ချက်ဆော်သွားတာ။အိမ်တောင်တုန်တယ်။ တော်တော်လေးပြင်းတယ်။ စစ်တပ်ဖက်ကလည်း ပြန်ပစ်တယ်”ဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။
ပြင်းထန်သည့်ပေါက်ကွဲသံနှစ်ကြိမ်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံများထပ်ကြားရသည်ဟု ဒေသခံများက ပြောသည်။ ည ၈နာရီခန့်တွင် ပစ်ခတ်သံများငြိမ်သွားကြောင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ခံများက ပြောသည်။
ဝိုင်းမော်မြို့သည် မြစ်ကြီးနားမြို့နှင့် (၆)မိုင်ခန့်သာဝေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်က အချုပ်သား ၃၀ဦးခန့်အား မြစ်ကြီးနားမြို့ရဲစခန်းသို့ ပို့ဆောင်ပြီးပြန်လာသည့် ရဲတပ်ဖွဲ့အချုပ်ကားသည် မြစ်ကြီးနား-ဝိုင်းမော်လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ်တွင် မတ်လ ၈ရက်မှ မတ်လ ၁၀ရက်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ယခုအခါ စစ်ရေးအခြေအနေငြိမ်သက်နေသည်။