လေယာဉ်ဆီတင်သွင်းမှု အပါအဝင် မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများကို နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကနေဒါသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်အပေါ် ပိတ်ဆို့အရေးယူခြင်းတွေ အပါအဝင် မြန်မာနိုင်ငံမှာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ တာဝန်ယူ တာဝန်ခံမှု ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ ကနေဒါ လွှတ်တော်အတွင်းရေးမှူးက ပြောခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ကိုယ်စား၊ လွှတ်တော်အတွင်းရေးမှူး Robert Oliphannt နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ အွန်လိုင်းနဲ့ တွေ့ဆုံချိန် လွှတ်တော်အတွင်းရေးမှူးက ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီလိုလားသူ ပတ်သက်ဆက်နွှယ်သူများအားလုံးကို ထောက်ခံအကူအညီပေးခြင်း အပါအဝင် မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာ အရေးကိစ္စတို့ကို တုံ့ပြန်ဆောင်ရွက်သွားဖို့ ကနေဒါနိုင်ငံက ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကနေဒါဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ တတိယပတ်မှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူလိုက်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ် ၂ ဘဏ်တို့ဟာ ကနေဒါနိုင်ငံက ကနဦးအရေးယူပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်အပေါ် ကနေဒါက အရေးယူပိတ်ဆို့မှု ၇ ကြိမ်လုပ်ဆောင်ခဲ့ပြီး လူပုဂ္ဂိုလ် ၉၅ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၁၅၈ ဖွဲ့ကို ပိတ်ဆို့မှုလုပ်ခဲ့တယ်လို့ Global Affairs Canada ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။