မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ အပါအဝင် ဒေသအသီးသီးမှာ အခြေစိုက်တဲ့ သတင်းဌာန ၉ ခု စုပေါင်းပြီး Burma Media Consortium – BMC လို့ အမည်ပေးထားတဲ့ သတင်းမီဒီယာအဖွဲ့အစည်း ကို အခုလ ၁၃ ရက်က ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။
BMC မှာ ပါဝင်တဲ့ သတင်းဌာန ၉ ခုကတော့ ကချင်ပြည်နယ်အခြေစိုက် The 74 Media၊ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် Shwe Phee Myay သတင်းအေဂျင်စီ၊ ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်းအခြေစိုက် မဲခေါင်သတင်းဌာန၊ ချင်းပြည်နယ်အခြေစိုက် Zalen သတင်းဌာန၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် Mandalay Free Press သတင်းဌာန၊ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသအခြေစိုက် Myaelatt Athan သတင်းဌာန၊ ရခိုင်ပြည်နယ်အခြေစိုက် Western News၊ ဧရာဝတီတိုင်းအခြေစိုက် Ayeyawaddy Times သတင်းဌာန နဲ့ တနင်္သာရီတိုင်း အခြေစိုက် Tanintharyi Times သတင်းဌာနတို့ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေကို စစ်ကောင်စီလက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေက ပြင်းထန်စွာ ဖိနှိပ်နေတဲ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေတို့မှာ ဆိုးရွားစွာ ကျဆင်းနေပြီး ဒေသအခြေစိုက် သတင်းဌာနတွေရဲ့ ရေရှည်ရပ်တည်နိုင်စွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ခြိမ်းခြောက်ခံနေရတဲ့အတွက် အဲဒီအခြေအနေတွေကို စုပေါင်းဖြေရှင်းနိုင်ဖို့ ရည်ရွယ်ကာ BMC ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး မီဒီယာဖိနှိပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ စစ်ကောင်စီရဲ့ မီဒီယာသမားတွေအပေါ် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ကျနော်တို့သတင်းဌာနတွေမှာ မလုံခြုံမှု၊ ခြိမ်းခြောက်မှု၊ အနာဂါတ်မရေရာမှုတွေနဲ့ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရပါတယ်။ ဒီအခက်အခဲတွေကို အတူတကွစုပေါင်းရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်းအခြေပြု သတင်းဌာန ၉ ခု ပူးပေါင်းပြီး BMC အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်”လို့ BMC အဖွဲ့ဥက္ကဋ္ဌ ကိုဉာဏ်လင်းထက်က ပြောပါတယ်။
BMC အဖွဲ့ဝင်တွေအနေနဲ့ သတင်းနဲ့သတင်းဆိုင်ရာထုတ်လုပ်မှုတွေကို သီးခြားတင်ဆက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ပူးပေါင်းတင်ဆက်မှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။