မြန်မာနိုင်ငံဖက်ခြမ်း နယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ခိုင်းစေမှုကို ခံနေရသူ တရုတ် နိုင်ငံသား ၉၀၀ လောက်ကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်က ပြောကြားခဲ့ပါတယ်။
အဲဒီ တရုတ် နိုင်ငံသားတွေဟာ မြန်မာဖက်ခြမ်း နယ်စပ်မြို့ မြဝတီမှာရှိတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ ခိုင်းစေ ခံနေခဲ့ရတာ ဖြစ်တယ်လို့ မတ်လ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဟာ အွန်လိုင်း အခြေပြု ငွေကြေးလိမ်လည်မှု ဒုစရိုက်ဂိုဏ်းတွေရဲ့ ခြေကုပ်နယ်မြေတွေ ဖြစ်လာပြီး သိန်းနဲ့ချီ များပြားတဲ့ နိုင်ငံခြားသားတွေဟာ လူကုန်ကူးခံရပြီး အဲဒီလုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေ ခံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သုံးရက်ကြာ လုပ်ဆောင်ခဲ့တဲ့ ပြန်လည် လွှဲပြောင်းပေးမှု အစီအစဉ်မှာတော့ နယ်စပ်က တရုတ်နိုင်ငံသားတွေကို မဲဆောက်ကို ခေါ်လာပြီး အဲဒီကမှတဆင့် လေယာဉ်တွေနဲ့ တရုတ်ဆီ ပြန်ပို့ပေးခဲ့တာ ဖြစ်တယ်လို့ ဆရက်သာက ဆိုပါတယ်။
အဲဒီလို လူကုန်ကူးခံရသူတွေ နေရပ်ပြန်နိုင်ရေး ကိစ္စကို တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့လည်း ဆရက်သာက ဆိုပါတယ်။ ပြီးတော့ နေရပ်ပြန်နိုင်ရေး အကူအညီ ပေးမှုတွေမှာ လူသားချင်း စာနာထောက်ထားမှု စံနှုန်းတွေနဲ့အညီ ဆန္ဒအလျောက် အဆိုပြုတဲ့အတိုင်း ဆောင်ရွက်ပေးခဲ့ပြီး တစုံတရာ ဖိအားပေး တိုက်တွန်းခဲ့တာမျိုး မရှိကြောင်းလည်း ဆရက်သာက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဆူရာချေ ဟက်ခ်ပန်းကတော့ ၃ ရက်အတွင်း တရုတ်နိုင်ငံသား ၉၀၀ ကို ပြန်ပို့ဖို့ လေယာဉ်ခရီးစဉ် ၁၅ ခု စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုကိစ္စကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အာဏာသိမ်း မြန်မာစစ်တပ်တို့ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
နိုဝင်ဘာလတုန်းကလည်း မြန်မာ စစ်အာဏာပိုင်တွေဟာ အွန်လိုင်း လိမ်လည်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းဖြိုခွင်းမှု အစီအမံတစ်ရပ် အနေနဲ့ အဲဒီလုပ်ငန်းတွေမှာ ပါဝင်နေတယ်လို့ သံသယရှိသူ ၃၁၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေဆီ လွှဲအပ်ခဲ့ဖူးပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်တုန်းက ပိတ်မိနေခဲ့တဲ့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူတွေရော၊ အဓမ္မ ခိုင်းစေခံရသူတွေပါ စုစုပေါင်း ထိုင်းနိုင်ငံသား ၂၀၀ ကျော် နေရပ်ပြန်ရေး ကိစ္စကိုလည်း တရုတ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ကူညီ အကောင်အထည် ဖော်ပေးခဲ့ဖူးပါတယ်။