မြန်မာနိုင်ငံမှာ အရပ်သားအစိုးရထံက ဥပဒေမဲ့ အာဏာလုယူထားပြီး မြန်မာပြည်သူတွေအပေါ်လူမဆန်သော ဖမ်းဆီးသတ်ဖြတ်မှုတွေကိုကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံးရဲ့ ယာယီတာဝန်ခံကို မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ ဖိအားပေးခဲ့တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ဒီလိုလုပ်ရပ်ဟာ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ လုပ်ဆောင်တတ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရကို ပုန်ကန် အာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေရဲ့ သိမ်ဖျင်းတဲ့ ရှိရင်းစွဲ အမူအကျင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတဲ့အရှေ့တီမောနိုင်ငံခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေး နေမှုတွေအတွက် မြန်မာပြည်သူတွေကိုယ်စားကျေးဇူးတင်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းမှုမှာ သမိုင်းအတွေ့အကြုံနဲ့ သင်ခန်းစာများစွာ ပိုင်ဆိုင်ထားတဲ့အရှေ့တီမောနိုင်ငံခေါင်းဆောင်တွေနဲ့ ပြည်သူတွေဆီကအကြံပြုချက်တွေနဲ့ထိရောက်သော ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆုတ်ယုတ်ပျက်စီးစေရန် ဆက်လက်တိုးမြှင့် လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားပါတယ်။