ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Julie Bishop ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ကုလအတွင်းရေးမှူးချုပ်က ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံသူ Ms. Julie Bishop ကို ယနေ့တွင် ခန့်အပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်ခဲ့သော စင်ကာပူနိုင်ငံသူ Noeleen Heyzer နေရာကို Ms.Julie Bishop က ဆက်ခံခြင်းဖြစ်သည်။
Ms. Julie Bishop သည် နိုင်ငံရေးသမားဖြစ်ပြီး နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အစိုးရခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိကြောင်း၊ သြစတြေးလျအစိုးရတွင် နိုင်ငံခြားရေး ၀ န်ကြီးအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိလည်းကောင်း၊ ပညာရေး၊ သိပ္ပံနှင့် လေ့ကျင့်ရေးဝန်ကြီး၊ ကက်ဘိနက်ဝန်ကြီးအဖြစ်လည်းကောင်း၊ အမျိုးသမီးရေးရာ၀န်ကြီးချုပ်နှင့် သက်ကြီးရွယ်အိုရေးရာဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ဩစတြေးလျပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၉၉၈ခုနှစ်မှ -၂၀၁၉ ခုနှစ် တွင် နှစ် ၂၀ တိတိ အမှုထမ်းခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် Ms. Julie Bishop သည် Australian National University ၏ အဓိပတိအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။