မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကျူးလွန်နေသော လူ့အခွင့် အရေးချိုးဖောက်မှုများကို တောင်ကိုရီးယားနိုင်ငံတော် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan ထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းလင်းပြောဆိုကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် ဖေဖော်ဝါရီလ ၃ နံနက်ပိုင်း ကိုရီးယား နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် မြန်မာ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်များနှင့်ပတ်သက်၍ ကိုရီးယားအစိုးရ၏လုပ်ဆောင်သင့်သော အချက်များကို အကြံပေးတင်ပြရန်၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး လုပ်နိုင်စွမ်းရှိသော လူ့အခွင့်ရေး ကော်မရှင် ပေါ်ပေါက်ပြီး လူ့အခွင့်ရေးဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်နိုင်ရေး၊ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းရပ်များကို ကူညီပေးနိုင်ရေး၊ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏လူ့အခွင့်အရေးဆိုင်ရာ ကြားနာမှုတရပ်ကို လုပ်ဆောင်ပေးရန်၊ အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များကို အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူး Park Jin နှင့် ညွှန်ကြားရေးမှူးချုပ် Seok Jun Ri တို့ ပါဝင်တက်ရောက်ကြပြီး၊ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြကြသည်ဟု သိရှိရသည်။