ကမ္ဘာ့နိုင်ငံများ ၊ အိမ်နီးချင်း နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် လူမျိုးများ ပြည်သူ ပြည်သူများတို့၏ အဖွဲ့အစည်းများနှင့်အတူ ကဏ္ဍအလိုက် နည်းမှန်လမ်းမှန်ဖြင့် တိုင်းပြည်၏ ပကတိအရှိတရားနှင့်ကိုက်ညီစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တောင်းဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီ ၃၁ရက်တွင် ကျရောက်သည့် ကရင့်တော်လှန်ရေး ၇၅ နှစ်မြောက်နေ့ မိန့်ခွန်း၌ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်စပ်သည့် အဖွဲ့အစည်း အားလုံးကို အသိပေး တောင်းဆိုလိုသည်မှာ တိုင်းပြည်၏ အခက်အခဲ အကျပ်အတည်း ပြဿများသည် တိုင်းပြည်၏ အရးပြဿနာ အကျပ်အတည်း ဖြစ်သော်လည်း ဆက်စပ် ပတ်သက်နေသည့် အိမ်နီးချင်းနိုင်ငံများ၏အကျိုးစီးပွားအတွက်အခက်အခဲ ဝန်ထုပ် ဝန်ပိုးများလည်း ဖြစ်စေကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
“ဒီ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားအတွ့် တစ်ခုတည်းသော နည်းလမ်းကတော့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ဒီတိုင်းပြည်ကို လူမျိုးများနှင့် ပြည်သူပြည်သားလုံးအတွက် ဒီမိုကရေစီ ၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ထောင်သွားဖို့ပဲဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ဖက်ဒရယ်ဒီမိုကရေစီ ဝါဒအပေါ် အခြေခံပြီး ပြည်ထောင်စုသစ်ကို တည်ဆောက်ကာ မည်သည့် အာဏာရှင်စနစ်၏ စရိုက်လက္ခဏာများကိုမဆို ဖယ်ရှားကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းသည်။
ထို့ပြင် လူမျိုးများနှင့် ပြည်သူပြည်သားများ၏ ဖြစ်တည်ရှင်သန်မှု၊ အကျိုးစီးပွား စစ်စစ်ကို အာမခံလျက် အနာဂတ် မျိုးဆက်အတွက် ငြိမ်းချမ်းရေး နှင့် ကဏ္ဍစုံ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ခြင်းတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ၊ ကရင်လူမျိုးနှင့် တိုင်းရင်းသား လူမျိုးများ ပြည်သူပြည်သားများအားလုံး ရှေ့ဆက် တော်လှန်ရေးလှုပ်ရှားမှု အတွက် စည်းလုံးညီညွတ်မှု ဖြင့် အားကုန်ထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း KNU ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။
၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားသို့ ABSDF၊ ALP၊ DPNS၊ KNPP၊ NUCC၊ BPLA၊ PNFC နှင့် CRPH တို့ကလည်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။
တော်လှန်ရေးကာလအလွန် အနာဂတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် နိုင်ငံရေး အခင်းအကျင်း အတွက် နိုင်ငံရေး လေဟာနယ်များ မရှိစေရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ အာမခံ ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် အား စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြသော အင်အားစုများအားလုံးအကြား ဘုံသဘောတူညီချက်ရရှိရန် KNU အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့်အတူ ဆက်လက်ကြိုးပမ်းမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၏ သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။