မြန်မာနိုင်ငံရဲ့ ၃ ပုံ ၂ ပုံဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ကုလသမဂ္ဂကထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းကနေပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် အခုလို လူဦးရေ များပြားလာတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။
“လက်နက်ကိုင်တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေမြှုပ်မိုင်းတွေ၊ မတရားဖမ်းဆီးမှု စတာတွေကြောင့် အရပ်သားတွေအတွက် အကာအကွယ်အန္တရာယ်တွေ လျင်မြန်စွာတိုးမြင့်လာတဲ့အပြင် အခြေခံကုန်ပစ္စည်းစီးဆင်းမှုတွေပါ ကန့်သတ်ခံထားရပါတယ်။ ပဋိပက္ခဒဏ်ခံရတဲ့ ဒေသအများအပြားမှာ တယ်လီဖုန်းဆက်သွယ်ရေး ပြတ်တောက်မှုဟာ ပိုမိုဆိုးရွားစေခဲ့ပါတယ်” လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးက တာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖောဖော်ဝါရီလမှာ အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၅၇၈,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ခန့်မှန်းထားပေမဲ့ အတည်ပြုဖို့ခက်ခဲပြီး ပိုမိုများပြားဖို့ပဲရှိတယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေအတွက် အရေးပေါ်ဒေါ်လာ ၇ သန်းခွဲဝေပေးဖို့ကို ကုလသမဂ္ဂဗဟို အရေးပေါ်တုန့်ပြန်ရေးရန်ပုံငွေ (CERF)အနေနဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတည်ပြုထားပေမဲ့လည်း ပိုမိုတိုးလာတဲ့ အကူအညီတောင်းခံမှုတွေအတွက် အထောက်အပံ့တွေပိုမိုလိုအပ်နေဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။