လက်ရှိ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က စက်တင်ဘာ ၂၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာပြည်သူတွေအတွက် ပေးအပ်တဲ့နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ထိန်းချုပ်ကာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီမရောက်ပဲ အကူညီတွေကို ဖျက်ဆီး၊ ဟန့်တား၊ နှောင့်ယှက် နေပြီး ဒီလုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်းလည်း NUGရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ်- ၂၆၆၉ တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိဘဲ ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ကျူးလွန်နေတယ်လို့ NUG ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး အခု ၂၀၂၃ ဩဂုတ်လလယ်အထိ အချိန် နှစ်နှစ်ခွဲအတွင်း စစ်ကောင်စီကြောင့် နေအိမ် ၇၅,၀၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၄,၅၀၀ ကျော် သေဆုံးခဲ့သလို၊ ထိခိုက်ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်အထိ ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရသူ ၂၄,၀၀၀ ကျော်ရှိပြီး လက်ရှိ ဖမ်းဆီးခံထားရသူ ၁၉,၄၆၀ ဦးနဲ့ သတ်ဖြတ်ခဲ့သူ ၄,၀၇၈ ဦးနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၁၄၆ ဦးထိရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။