မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက အမျိုးသမီးတွေ မိန်းကလေးငယ်တွေကို စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ အကာအကွယ်ပေးဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ သံအမတ် ဦးကျော်မိုးထွန်းက ကုလ ညီလာခံမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးမှုမှာ ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အခြေခံအခွင့်အရေးအတွက် ရုန်းကန်နေရကြောင်း၊ စစ်အာဏာသိမ်းချိန် ၃၁ လအတွင်း စစ်တပ်ရဲ့ မတရားသတ်ဖြတ်မှုကြောင့် လူပေါင်း ၄၁၄၁ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ အမျိုးသမီး ၆၁၃ ဦးအထိ ပါဝင်နေတယ်လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စကို စစ်တပ်စစ်ဆင်ရေး နည်းဗျူဟာတခုအနေနဲ့ ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားပြည်သူတွေရဲ့ မြို့ ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ချိန် ထွက်မပြေးနိုင်တဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကနေ လွတ်မြောက်လာတဲ့ ခိုလှုံလာသူ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်သလို နိုင်ငံတကာအဝန်းအဝိုင်းနဲ့ ကုလသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေဘဲ အမျိုးသမီးတွေကို ချန်လှပ်ထားခြင်း မရှိစေရေး ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။