မြန်မာနိုင်ငံမှာ ပြည်တွင်းရေး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်တက်လာရင် ပိတ်မိသွားနိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးဖို့ ရေယာဉ်တွေ အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်းတော်ဝင် ရေတပ်က ပြောပါတယ်။
ရေတပ်ဟာ ကပ္ပလီပင်လယ်ထဲမှာ သင်္ဘောလေးစီးကို အသင့်အနေအထား ဖြန့်ကျက်ထားပြီး အခြေအနေ တစ်ခုခု ထူးခြားလာတာနဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ဆယ် ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ ရေတပ် အကြီးအကဲ သေနာပတိ အေဒွန် ပန်အီယန်က ပြောပါတယ်။
သူဟာ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွေမှာ ဖြန့်ကျက်ထားတဲ့ အမှတ် ၃ ဒေသ ရေတပ်ဖွဲ့ကို ဖရီးဂိတ် စစ်သင်္ဘော နှစ်စီးနဲ့ ကမ်းတက် စစ်ချီရေယာဉ် နှစ်စီးတို့ကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။
မြန်မာဖက်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အသက်အန္တရာယ် ထိခိုက်လာမှာကို စိုးရိမ်ရတာကြောင့် ကယ်ဆယ် ရွှေ့ပြောင်းရေးအတွက် အခုလို အသင့်ကြိုတင် ပြင်ဆင်ထားစေတာလို့ သေနာပတိ အေဒွန်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ထိစပ်နေရာ ကရင်ပြည်နယ်ထဲက မြဝတီတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက အခုအခါမှာတော့ အခြေအနေ ပြန်လည် ငြိမ်သက်နေတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ တော်လှန်ရေး အင်အားစုတွေဟာ ထိုင်းနိုင်ငံပိုင် ဘန်ထိုင်မောင်မြို့နဲ့ ၁၀ ကီလိုမီတာလောက်အကွာ ဗန်းမော် ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ မီးခိုးလုံးတွေကို ထိုင်းဖက်ခြမ်းကတောင် တွေ့မြင်ခဲ့ရကြောင်း ထိုင်းလုံခြုံရေး အာဏာပိုင် တချို့က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်ကြောင်း သိရပါတယ်။