အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ စစ်ကောင်စီပိုင် MFTB နဲ့ MICB ဘဏ်နှစ်ဘဏ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Sonali ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ယူခွင့် ပိတ်လိုက်ပြီလို့ ဒီကနေ့ The Daily Star သတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးကနေ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေတယ်လို့ သတိပေးချက်စာတစောင် ထုတ်ပြန်ခဲ့အပြီးမှယ အစိုးရဘက်က ပိတ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းမှာ ရေးသားထားပါတယ်။
မြန်မာဘဏ်က အပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ ရှိပေမယ့် ဒီဘဏ်တွေကို အမေရိကန်ကို ပိတ်ဆို့လိုက်တာကြောင့် ဒီငွေတွေကို သူတို့ ထုတ်ယူခွင့် မရှိဘူးလို့ ဆိုနာလီဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ CEO Md Afzal Karim တို့ကပြောဆိုထားပါတယ်။
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ဇွန်လက MFTB နဲ့ MICB ဘဏ်နှစ်ခုကို အရေးယူဒဏ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ MFTB နဲ့ MICB ဘဏ်နှစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ လုပ်ငန်းအားလုံးကို ဩဂုတ်လ ၅ ရက်နေ့အထိ သတ်မှတ်ချိန်ပေးထားပြီး ဒီဘဏ်နှစ်ခုနဲ့ ငွေသွင်း ငွေထုတ်တာတွေ ဆက်လက်လုပ်ကိုင်နေကြသလားဆိုတာကို စောင့်ကြည့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်ကာပူနိုင်ငံရှိ United Overseas Bank UOB ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းအားလုံးနဲ့ ချိတ်ဆက်မှု ရပ်ဆိုင်းလိုက်ပြီး အခု ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆီနာလီဘဏ်က စစ်ကောင်စီပိုင် ဘဏ်ငွေတွေကို ထုတ်ယူခွင့်မပေးတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ဟာ စစ်ကောင်စီ ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ မြန်မာ့ကျောက်မျက်လုပ်ငန်း စတဲ့ ကဏ္ဍတွေကနေ ဝင်ငွေတွေရရှိနေဖို့ အထောက်အကူပြုနေတဲ့ ဘဏ်နှစ်ခု ဖြစ်တယ်လို့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြေညာချက်မှာ ဖော်ပြထားပါတယ်။