လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားရတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက အောက်တိုဘာ ၃၁ ရက်နေ့မှာပဲ မျှော်မှန်းထားတဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဟာ ဖြစ်လာဖို့ မနီးစပ်ကြောင်း ဝန်ခံပြောကြားသွားပါတယ်။
အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌလုပ်ခွင့်ရတဲ့ ၁ နှစ်အတွင်း မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ အတိုက်အခံ နှစ်ဖက်အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေအားလုံးနဲ့ အကြိမ် ၁၈၀ ကျော် ဆွေးနွေးခဲ့ရာမှာ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ အမျိုးမျိုး ဆက်သွယ်ကြိုးပမ်းပေးခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာ့အရေးမှာ အားလုံး ပါဝင်တဲ့ အမျိုးသားဆွေးနွေးမှုဖြစ်တည်လာဖို့ အလှမ်းဝေးနေသေးကြောင်း မာဆူဒီက ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။
“မြန်မာ့အကျပ်အတည်းအတွက် NUG ဘက်ရော၊ စကစဘက်ရော၊ လူပုဂ္ဂိုလ်တွေအနေနဲ့ရော ပုံသဏ္ဍန်အမျိုးမျိုးနဲ့ စေ့စပ်ဖို့ အကြိမ် ၁၈၀ ကျော် ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှုအခြေအနေတွေအရ အားလုံးပါဝင် တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲဖြစ်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ NUG ကိုရော စကစ ဘက်ကိုပါ အစီအစဉ်နဲ့ ကြိုတင်သတ်မှတ်ချက်မပါတဲ့ ဆွေးနွေးမှုမျိုးလုပ်ဖို့ မေးမြန်းခဲ့ပါတယ်။ အကောင်းမြင်နိုင်တဲ့ တုံ့ပြန်မှု တစ်ခုမှ မရခဲ့ပါဘူး။ ဒါပေမဲ့ တံခါးလုံး၀ ပိတ်သွားတာမဟုတ်လို့ အားမလျှော့ဘဲ ဆက်လက် ကြိုးစား သွားရမှာပါ” လို့ မာဆူဒီက ဂျာကာတာမှာကျင်းပတဲ့ ၂၀၂၃ အာဆီယံမီဒီယာဖိုရမ်မှာ ပြောသွားပါတယ်။
အင်ဒိုနီးရှားရဲ့ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ဟာ ကုန်ဆုံးဖို့ ၂ လသာ လိုတော့ပြီး လာအိုဟာ ၂၀၂၄ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ကို ဆက်ခံရယူသွားတော့မှာဖြစ်ပါတယ်။