လက်ရှိ အာဆီယံ ဥက္ကဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့သို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးသံတမန် တွမ်အင်ဒရူးက အလုပ်မဖြစ်တဲ့ မြန်မာ့ပဋိပက္ခ ချဉ်းကပ်ပုံတွေကို ကမ္ဘာက ပြန်စဉ်းစား ပြောင်းလဲသင့်ပြီလို့ တိုက်တွန်း ပြောကြားသွားပါတယ်။
ဒီပြောဆိုမှုဟာ ထိုင်းယာယီ အစိုးရက မြန်မာ စစ်ကောင်စီကို ဖိတ်ကြားပြီး အလုံးစုံ ပြန်လည် စေ့စပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲပြီးချိန်နဲ့ တိုက်ဆိုင်နေပြီး အမေရိကန်ကပါ ထောက်ခံထားတဲ့ အာဆီယံရဲ့ မြန်မာ့ အကျပ်အတည်း အချက် ၅ ချက်ပါ လမ်းညွှန်ချက်ဟာ ဘာမှ ထွေထူးပြီး ဖြစ်တည်မလာကြောင်း၊ ဒါကြောင့် ချဉ်းကပ်ပုံ ပြောင်းလဲသင့်ပြီလို့ တိုက်တွန်းရခြင်း ဖြစ်တယ်လို့ မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။
စစ်ကောင်စီကို အာဆီယံက လမ်းညွှန်ချက် ၅ ရပ် ထုတ်ပြန်ပေးခဲ့တာ ၂ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ခွဲခြားမှုမရှိ ရမ်းသန်း တိုက်ခိုက်သတ်ဖြတ်မှုတွေကို ထပ်ကာထပ်ကာ ကျူးလွန်နေဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ အစီရင်ခံစာမှာ မြန်မာပြည်သူ ၁ ဒသမ ၅ သန်း နေအိမ်စွန့်ခွာ ရှောင်ပြေးနေရတာ သိရပြီး လူပေါင်း ၃,၆၇၉ ဦး သတ်ခံရသလို ထောင်နဲ့ချီ ထောင်ချခံထားရပေမယ့် လက်ရှိ ချဉ်းကပ်ပုံဟာ ဘာမှ ထူးခြား သက်ရောက်မှု မရှိဘူးလို့ တွမ်အင်ဒရူးက ပြောကြားသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ကိုယ်စားလှယ်တွေ ခေါ်ပြီး ထိုင်းယာယီ အစိုးရ အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ အစည်းအဝေးပွဲဟာ လုံး၀ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်နိုင်ကြောင်းလည်း တွမ်အင်ဒရူးက ဆက်လက် ဝေဖန် ပြောကြားသွားပါတယ်။