ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်တွေ အသုံးပြုနေတဲ့ လက်နက်တွေထဲ မြန်မာနိုင်ငံက ထုတ်တဲ့ လက်နက် ခဲယမ်းတွေ ပါဝင်ကြောင်း ယူကရိန်းဘက်က သက်သေပြ ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်း လက်နက် ခြေရာခံအဖွဲ့က ရရှိတဲ့ လက်နက်တွေကို သုတေသနပြုပြီး ထုတ်ပြန်ရာမှာ မြန်မာထုတ် ၁၂၀ မမ အမြောက်နဲ့ အမြောက်ဆံတွေ ဖြစ်တယ်လို့ ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
၁၂၀ မမ အမြောက်ဆံနဲ့ ၁၂၀ ER အမြောက်တွေမှာ တံဆိပ်တွေကို ဖျက်ထားပေမယ့် သီးခြားပုံသဏ္ဍန်ကွဲရှိတဲ့ ဆူးတောင်တွေ၊ ဖျက်ထားရာမှာ ကျန်နေတဲ့ သင်္ကေတတွေ၊ ဖျူးစ်တွေက မြန်မာထုတ်ဖြစ်ကြောင်း သက်သေခံ တယ်လို့ ဆိုပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလက မြန်မာစစ်ကောင်စီနဲ့ ရုရှားစစ်တပ် အကြီးအကဲတွေ ပိုမိုပူးပေါင်းနေမှုအပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့ပါသေးတယ်။
၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက ရုရှားနဲ့ ပိုမိုပူးပေါင်းပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နျူကလီးယား ချဲ့ထွင်မှုတွေကိုပါ လုပ်ဆောင်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မင်းအောင်လှိုင်ဟာ အရှေ့ပိုင်း စီပွားရေး ဖိုရမ် ဖိတ်ခေါ်ခံရလို့ ရုရှားကိုသွားခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရုရှား စစ်ဘက်အကြီးအကဲ အလက်ဇီကင်နဲ့ တစ်ဒါဇင်လောက်ရှိတဲ့ စစ်ဘက် ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ရုရှားထုတ် Su-30SME ဖိုက်တာ ဂျက်လေယာဉ် ၂ စီးကို မြန်မာလေတပ်က ရရှိခဲ့ပြီး ဒီဂျက် လေယာဉ်ဟာ Su-30SM ရဲ့ ပြည်ပတင်ပို့တဲ့ ဗားရှင်းအဖြစ် စတင်ထုတ်လုပ်တာဖြစ်ကာ မြန်မာနိုင်ငံက ပထမဆုံး ရရှိခဲ့တာလို့ သိရပါတယ်။
ရုရှားဟာ ယူကရိန်းစစ်မြေပြင်မှာ လက်နက်ခဲယမ်းမ လောက်ငှတဲ့ ပြဿနာကြောင့် အိန္ဒိယနဲ့ မြန်မာနိုင်ငံဆီက စစ်လက်နက် အသုံးအဆောင်တွေ ပြန်လည် ဝယ်ယူနေရတယ်ဆိုတဲ့ သတင်းလည်း ၂၀၂၃ နှစ်စပိုင်းမှာ ထွက်ပေါ်ခဲ့ ပါသေးတယ်။