ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ရေနံမြေ ဒုတိယအထွေထွေမန်ဂျာ အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရေနံမြေပင်စင်စား၀န်ထမ်းများ၏ စျေးဆိုင် ခန်းများကို လိုက်လံဖျက်သိမ်းနေပြီး CDM ၀န်ထမ်းများကိုပါ ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။
အဆိုပါ ဒုတိယ မန်နေဂျာ ဦးမျိုးမင်းစိုးနှင့် စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီလပိုင်း ကစတင်၍ ပင်စင်စားဝန်ထမ်းများ၏ စျေးဆိုင်ခန်းများကို လိုက်လံဖျက်သိမ်းနေခြင်း ဖြစ်ကြောင်း ရေနံမြေ Non CDM ဝန်ထမ်းများထံက သိရသည်။
“မြန်အောင်ရေနံမြေက အရာရှိတွေက စစ်ကောင်စီ ရေနံမြေရဲတွေနဲ့ပေါင်းပြီး ရေနံဆီတွေ ညတိုင်းခိုးယူရောင်းစားနေတာ။ CDM ၀န်ထမ်းတွေကိုလည်း လိုင်းခန်း တွေပေါ်က နှင်ချတယ်။ အခုရက်ဆို ဆိုင်ခန်းတွေလည်း ဖျက်တယ်။ CDM လုပ်ထားတဲ့သူတွေကိုလည်း အတင်းဖမ်းခိုင်းနေတယ်” ဟု မြန်အောင်မြို့ ရေနံမြေနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရေနံမြေ CDM ဝန်ထမ်းများကို ယခု ဇွန်လမှ စတင်၍ ဗလကြီး(ခေါ်)သန်းဇော် ဆိုသူက ရဲ၊ အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းကာ ဖမ်းဆီးခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည် ၂၀၂၁ ခုနှစ် မေလ အတွင်းတွင်လည်း ရေနံမြေရဲ၊ လုံခြုံရေးဌာန၊ ထုတ်လုပ်ရေးဌာနတို့ ပူးပေါင်းကာ မြန်အောင်ရေနံမြေအပိုင် ကျွန်းပင်၊ ရေနံဆီနှင့် ဓာတ်ဆီများကို ခိုးယူရောင်းစားခဲ့ကြောင်း မြန်အောင်ရေနံမြေ ၀န်ထမ်း တစ်ဦးထံက သိရသည်။