ကရင်ပြည်နယ်၊ မြဝတီမြို့နားမှာ ဒီကနေ့ မေလ ၁၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မြဝတီမြို့နယ်၊ လတ်ခတ်တောင်ကြောကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ လုံခြုံရေးယူထားတဲ့ နေရာကို စစ်ကောင်စီကမေလ ၁၂ ရက်မှာ စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းစောစောမှာ ထပ်မံစစ်ကြောင်းထိုးလာတာလို့ ပါဝင်တိုက်ခိုက်နေတဲ့ PDF တစ်ဦးက ပြောပါတယ်။
“သူတို့က မနေ့ကတည်း တက်လာတာ၊ မြဝတီနားမှာ လတ်ခတ်တောင်ကြော ဆိုတာရှိတယ်။ အဲ့နားကနေ ကျွန်တော်တို့လုံခြုံရေး ယူထားတဲ့ နေရာကို တက်လာတာ။ မနေ့ကတော့ရှေ့ကင်းနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တယ်။ ဒီမနက်လည်း ထပ်ဖြစ်နေတာ” လို့ သူကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်က လက်နက်ကြီးတွေ တရစပ် ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကပြောပါတယ်။
မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေမဖြစ်တာ ရက်ပိုင်းလောက်ရှိနေပြီဖြစ်ပြီး လက်ရှိမှာတော့ အင်အားဖြည့်တင်းပြီးလို့ ထိုးစစ်ပြန်စနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်တွေက တိုက်ပွဲတွေ တုန်းက သူတို့အထိနာတယ်ကြားတယ်။ ဆိုတော့ အင်အားပြန်ဖြည့်မှာပေါ့။ အခုလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတော့ အင်အားဖြည့်ပြီးလို့ ထိုးစစ်ပြန်စတာနေမှာပါ။ မြို့ခံတွေကတော့ နှစ်ပေါင်းများစွာ ကြုံလာတာ။ သိပ်မထူးခြားတော့ဘူး။ တိုက်ပွဲဖြစ်တဲ့ နားက ရွာတွေကိုတော့ စစ်တပ်နဲ့ BGF က ဝင်မွှေမှာပဲ။ မြို့ပေါ်သာ နည်းနည်းခံသာတာ” လို့ သူကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားတွေလည်း အသေအပျောက်ရှိနိုင်ပေမဲ့ အတိအကျတော့ အတည်မပြုနိုင်သေးဘဲ ဒေသခံတွေရဲ့ ပြောဆိုမှုကို ကိုးကားချက်အရ ထိခိုက်ဒဏ်ရာရနိုင်သူ ၁၀ ဦးထက်မနည်း ရှိပြီး စစ်သားတွေက ပြန်သယ်သွားတယ်လို့ဆိုပါတယ်။
မြဝတီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်တည်းက ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဧပြီလ လကုန်ထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၇၅ ဦးခန့်သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်က လေကြောင်း နဲ့ လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုခဲ့လို့ ပြည်သူပိုင်နေအိမ်တစ်ချို့ ပျက်စီးခဲ့ရကာ ဒေသခံပြည်သူတွေ ထောင်နဲ့ချီကာ ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပါတယ်။