ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများကပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ နံနက်အစောပိုင်းက စတင်ကာ မြဝတီမြို့အနီး ပွင့်လင်းအေးမြိုင်ကျေးရွာ (ခ) တုံးတံတား ရွာတွင် KNU – KNLA ၊ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
” မြဝတီမြို့အနီးက ပွင့်လင်းအေးမြိုင်ကျေးရွာ ခေါ် တုံးတံတား ရွာမှာ KNU – KNLA ၊ PDF တပ်ဖွဲ့တွေနဲ့ စစ်ခွေးတွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတယ်။ အခု မြဝတီမြို့ကနေ လက်နက်ကြီး ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း မြဝတီမြို့နယ်၊ တုံးတံတားကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးတင်ဝင်းသည် ပုညရှင် ဘုန်းကြီးကျောင်းဝင်းအတွင်း မျှစ်ရှာရင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။