ထိုင်း − မြန်မာနယ်စပ်မြို့ ကရင်ပြည်နယ် ၊မြဝတီမှာ တက်တူးဆိုင်တွေကို စစ်ကောင်စီက ဖိအားပေးပြီး ပိတ်ခိုင်းနေတယ်လို့ သိရပါတယ်။
အခုလ ဇွန်လ ၁၀ ရက် နေ့ကစတင်ပြီး ပိတ်သိမ်းကြဖို့ စည်ပင်နဲ့ ရဲတပ်ဖွဲ့က စာထုတ်ပြီး သတိပေးနေတာပါ။
ဆိုင်ပိတ်ခိုင်းရတဲ့ အကြောင်းပြချက်လည်း မပေးဘူးလို့ မြဝတီမှာ တက်တူးဆိုင်ဖွင့်ထားသူအမျိုးသား တစ်ဦးကပြောပါတယ်။
“တက်တူးဆိုတဲ့ နာမည်ကိုပါမမြင်ချင်ဘူး၊ ပုံကော အကုန်လုံးဖြုတ်သိမ်းခိုင်းတာဗျာ” လို့ အဲဒီ ဆိုင်ရှင်အမျိုးသားကဆိုပါတယ်။
ဆိုင်မပိတ်ရင် စည်ပင် ဥပဒေနဲ့အရေးယူမယ်လို့လည်း သတိပေးစာထဲမှာ ခြိမ်းခြောက်ထားပါတယ်။
မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ တက်တူးဆိုင်ပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလပိုင်းကလည်း ဘားအံမှာရှိတဲ့ တက်တူးဆိုင်တွေကို ပိတ်သိမ်းခိုင်းခဲ့ပါသေးတယ်။