ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သုံးရက်ဆက်မိုးကောင်းပြီးနောက် အာရှလမ်းမကြီးလမ်းပိုင်းအချို့နှင့် ပတ်ဝန်းကျင်ကျေးရွာအချို့ ရေကြီးနေသည်။
မြဝတီမြို့နယ်အတွင်း ဇွန်လ ၇ရက်မှစ၍ မိုးများပြီး ယမန်နေ့(ဇွန်လ ၈ရက်)ညက ကားလမ်းပေါ်အထိ ရေလျှံနေခြင်းဟု ဒေသခံများက ပြောသည်။
“အာရှလမ်းမကြီးဘေးက မြေနီးကုန်းနဲ့ ကျွန်းတောမှာ အဆိုးဆုံးပဲ။ မိုးက ရပ်နေပေမယ့် ရေက တိုးနေဆဲပဲ။ တောင်ပေါ်မှာ ရွာနေသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ကော့ကရိတ်-မြဝတီအာရှလမ်းသည် ဒေါနတောင်ကို ဖြတ်၍ ဖောက်ထားသည်။ တောင်ပေါ်၌ပုံမှန်ထက်မိုးများပါက လမ်းရေလျှံပြီး လမ်းပိုင်းများ ပျက်စီးလေ့ရှိသည်။ ယမန်နှစ်မိုးရာသီကလည်း အာရှလမ်းပိုင်းနေရာအချို့ ပြတ်တောက်ခဲ့ဖူးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ဇွန်လ ၃ရက်မှ ဇွန်လ ၉ရက်အထိ ရာသီဥတုသတိပေး ချက်၌ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့၌ မိုးကြီးမည်ဟု သတိပေးထားသည်။
အဆိုပါကာလအတွင်း မုတ်သုံလေအားကောင်းနေ၍ မိုးသည်းထန်စွာရွာနိုင်ပြီး အထူးသဖြင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့၌ မိုးပိုကြီးနိုင်ပြီး ရေကြီး၊ ရေလျှံမှုနှင့်မြေပြိုဘေးသတိပေးထားသည်။
ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင်လည်း မိုးကောင်းနေသည်။ မိုးကြောင့် ဒေသတွင်းလမ်းပိုင်းအချို့ ပျက်စီးပြီးလမ်းပိတ်ဆို့နေသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ရောက်ခဲ့သည့် Remal ဆိုင်ကလုံးမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများစုမိုးကောင်းခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ချီဖွေမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပြီး ချီဖွေမြို့တွင် ရေဘေးကြောင့် လူတစ်ဦးသေဆုံးခဲ့သည်။