ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ခမရ-၃၅၇ မှ စစ်ကောင်စီတပ်နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး လက်နက်ချလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“လက်နက်ချအလင်းဝင်တာက ၄၀၀ ကျော် ၅၀၀ လောက်ရှိတယ်။ သေတာတွေလည်း တော်တော်များတယ်။မနေ့ နေ့လည် ၂ နာရီကျော်ကတည်းကသိမ်းလိုက်တာ ဗျူဟာစခန်းကို။ ခုလည်း လေယာဥ်ပတ်နေတယ် တနေကုန်ပဲ” လို့ သတင်းရင်းမြစ် ၁ ဦးကပြောပါတယ်။
သင်္ဃန်းညီနောင်ဗျူဟာစခန်းနဲ့ ခမရ ၃၅၇ တပ်ရင်းကိုလည်း ဧပြီလ ၅ ရက်နေ့ နေ့လယ်အချိန်မှာ အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဗျူဟာစခန်းကို သိမ်းပိုက်စဥ်အတွင်း ၁၂၂ လက်နက်ကြီး ၂ လက်၊ ၁၂၀ လက်နက်ကြီ ၂ လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းကျည်ပစ္စည်းအများအပြားကိုပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
မြဝတီမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်တွေပျက်တောက်နေပြီး ထိုင်းဆင်းမ်ကဒ်နဲ့တော့ အသုံးပြုလို့ရနေတယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာ မြဝတီမြို့ထဲက စစ်ကောင်စီတပ်စခန်းတချို့က လက်နက်ချအလင်းဝင်တာမျိုးမပြုလုပ်သေးလဲ Y12လေယာဥ်တွေလည်း ပျံဝဲနေတာကြောင့် ပြည်သူလူထုနဲ့ ရဲဘော်တွေသတိထားဖို့ကိုလည်း နီးစပ်ရာ အသိပေးထားတွေရှိနေပါတယ်။